
အန်တိုနီဟာ မနေ့ညတုန်းက ချဲလ်ဆီးကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲတွင် ထရီဗိုချာလိုဘာရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိကာ လူနာတင်ထမ်းစင်ဖြင့် ကွင်းပြင်သို့ ထွက်ခွာခဲ့ရပါတယ်။
ယူနိုက်တက်တောင်ပံကစားသမားဟာ အိုးထရက်ဖို့ဒ်တွင် ကစားတဲ့ပွဲစဉ်မှာ ချဲလ်ဆီးနောက်ခံလူနှင့် ထိပ်တိုက်တွေ့စဉ် ဖျက်ထုတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒိုင်လူကြီးက ယင်းဖြစ်ရပ်ကို ပြစ်ဒဏ်ဘောအဖြစ်ပင် မသတ်မှတ်ခဲ့ပါဘူး။
ဘရာဇီးကစားသမားဟာ ကွင်းအတွင်းတွင် မိနစ်အနည်းငယ်ကြာ ဆေးကုသမှု ခံယူပြီးနောက် မားကပ်စ်ရက်ဖို့ဒ်နှင့် လူစားလဲလှယ်ခဲ့ရပါတယ်။
သူဟာ ကွင်းအတွင်းမှ လူနာတင်ထမ်းစင်ဖြင့် ထွက်ခွာချိန်မှာ နာကျင်လွန်းမှုကြောင့် မျက်နှာကို လက်ဖြင့် အုပ်ထားတာ တွေ့ရပါတယ်။
ယူနိုက်တက်ဟာ နောက်ထပ် လုခ်ရှောလည်း ဒဏ်ရာရရှိသွားမှုကြောင့် အခြေအနေ ပိုဆိုးရွားလာခဲ့ပါတယ်။ ဘယ်နောက်ခံလူဟာ ကျောဒဏ်ရာအနည်းငယ် ရရှိသွားတယ်လို့ ယူဆရပြီး မာလာစီယာနှင့် လူစားလဲလှယ်ခဲ့ရပါတယ်။
အန်တိုနီရဲ့ ဒဏ်ရာမှာ ပြင်းထန်တယ်လို့ ယူဆရပြီး ဖူလ်ဟမ်နှင့် ရာသီသိမ်းပွဲအပြင် လာမယ့် ဇွန်လ ၃ ရက်နေ့တွင် မြို့ခံပြိုင်ဘက် မန်စီးတီးနှင့် ရင်ဆိုင်ကစားရမဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကိုလည်း လွဲချော်လာဖို့ ရှိနေပါတယ်။
အဲရစ်တန်ဟက်က “အခု ပြောဖို့ စောသေးတယ်။ ၂၄ နာရီ စောင့်ကြည့်ရဦးမယ်။ ပြီးရင်တော့ အခြေအနေပိုပြီးတော့ သိလာပါမယ်”လို့ ပြောကြားသွားပါတယ်။
အန်တိုနီဟာ ယူနိုက်တက်တွင် ကစားတဲ့ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်တွင် ၂၅ ပွဲတွင် ၄ ဂိုးသွင်းကာ ၂ ကြိမ်တည်းသာ ဖန်တီးထားနိုင်ပါတယ်။