
အဲရစ်တန်ဟက်က ယူနိုက်တက်အသင်းပိုင်ရှင်သစ်ဖြစ်လာမဲ့သူအနေဖြင့် တော့ဒ်ဘိုလေးကဲ့သို့ အမှားမျိုး မကျူးလွန်ရန် သတိပေးပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ယနေ့ညတွင် ယခုရာသီ နောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်ကွင်းမှာ ချဲလ်ဆီးကို ဧည့်ခံကစားရပါမယ်။ ယူနိုက်တက်ဟာ ချဲလ်ဆီးနှင့်ပွဲတွင် ရမှတ် ၁ မှတ်ရရုံဖြင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာပါမယ်။
အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တော့ဒ်ဘိုလေးဟာ ပြီးခဲ့တဲ့နှစ် မေလတုန်းက ချဲလ်ဆီးကို ဝယ်ယူပြီးတဲ့နောက် ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်နှစ်ခုတွင် ပေါင်သန်း ၆၀၀ နီးပါး သုံးစွဲကာ ကစားသမားအမြောက်အမြားခေါ်ယူခဲ့ပေမဲ့ ဆိုးရွားတဲ့ ရာသီတစ်ခုကြုံနေရပါတယ်။
၎င်းတို့ဟာ ၂၀၂၂-၂၃ တစ်ရာသီတည်းတွင်ပင် နည်းပြ ၃ ဦးအထိ အသုံးပြုခဲ့ရပြီး စတုတ္ထမြောက်နည်းပြအဖြစ် နွေရာသီတွင် ပိုချက်တီနိုကို ခန့်အပ်လာပါဦးမယ်။
ချဲလ်ဆီးဟာ နောက်ဆုံးကစားတဲ့ ၁၂ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရထားပြီး ၈ ပွဲရှုံးနိမ့်ထားကာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာနေသလောက် ရှိနေပါတယ်။ ဒါပေမဲ့ တဖက်တွင် ယူနိုက်တက်ကို ဝယ်ယူရေးအတွက် ဆာဂျမ်ရက်ကလစ်ဖ်နှင့် ရှိတ်ဂျက်စ်ဆမ်တို့က ကြိုးပမ်းနေပါတယ်။
လက်ရှိအချိန်တွင် ယူနိုက်တက်ကို ရောင်းဝယ်ရေး အပြီးသတ်သေးခြင်း မရှိသေးမှုနှင့်အတူ အသင်းရဲ့ နွေရာသီအပြောင်းအရွှေ့အစီအစဉ်မှာလည်း ဝေဝါးလျက်ရှိပါတယ်။ ဒါပေမဲ့ အဲရစ်တန်ဟက်က ယူနိုက်တက်ပိုင်ရှင်သစ်အနေဖြင့် တော့ဒ်ဘိုလေးကဲ့သို့ အမှားမျိုး မကျူးလွန်ရန် သတိပေးလာပါတယ်။
အဲရစ်တန်ဟက်က “မှန်ကန်တဲ့အရာတွေ လုပ်ရပါမယ်။ ငွေရှိနိုင်တယ်။ ဒါပေမဲ့ ဉာဏ်သုံးပြီး သုံးစွဲရပါမယ်။ နောက်ကွယ်မှာ ဗျူဟာ ရှိရပါမယ်။ မဟုတ်ရင်တော့ ငွေလည်း ဘာမှ အသုံးဝင်လာမှာ မဟုတ်ပါဘူး”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ဘောလုံးဒါရိုက်တာဂျွန်မော်တာ့ခ်ရဲ့ လက်အောက်တွင် ဘောလုံးဗျူဟာ တိုးတက်ကောင်းမွန်လာနေတာ တွေ့ရပါတယ်။ တဖက်တွင် အဲရစ်တန်ဟက်ကလည်း ခါရာဘောင်ဖလား ရယူပေးထားသလို အက်ဖ်အေဖလားဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးထားပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်လည်း သေချာသလောက် ရှိနေပါတယ်။