မော်ဒန်စီးရီးအေခေတ်မှာ အကြီးမားဆုံးနိုင်ပွဲစံချိန်ကို လိုက်မီနိုင်ခဲ့တဲ့မော်ရင်ဟိုရဲ့ရိုးမား

ရိုးမားဟာ ရိုမီလူလူကာကူ၊ ပေါ်လိုဒိုင်ဘာလာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အမ်ပိုလီကို ၇-၀ ဂိုးဖြင့် အနိုင်ယူပြီး ယခုရာသီ စီးရီးအေမှာ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ရိုးမားဟာ ရာသီအစ တာထွက်မကောင်းမှုနှင့်အတူ စီးရီးအေတန်းဆင်းဇုန်မှာ ရပ်တည်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရိုးမားဟာ အမ်ပိုလီကို အိမ်ကွင်းမှာ ၇-၀ ဂိုးဖြင့် အနိုင်ယူကာ မော်ဒန်စီးရီးအေခေတ်မှာ အကြီးမားဆုံးနိုင်ပွဲစံချိန်ကို လိုက်မီနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ နွေရာသီတုန်းက ချဲလ်ဆီးမှ အငှားဖြင့် လာရောက်ကစားနေတဲ့ လူကာကူဟာ ရိုးမားအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ပါတယ်။

ရိုးမားဟာ ယခုပွဲရဲ့ ပထမပိုင်းမှာ ဒိုင်ဘာလာရဲ့ ပင်နယ်တီဂိုး၊ ရီနာတိုဆန်းချက်စ်ရဲ့ ခေါင်းတိုက်ဂိုး၊ အယ်ဘာတိုဂရက်စ်စီရဲ့ OG ဂိုးတို့ဖြင့် ပထမပိုင်းမှာတင် ၃-၀ ဂိုးဖြင့် သက်တောင့်သက်သာ အနိုင်ရနေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဒိုင်ဘာလာက စတုတ္ထဂိုးသွင်းယူခဲ့ပြီး ဘာရန်ခရစ္စတင်တီက အဝေးကန်ချက်ဖြင့် ပဥ္စမဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက် လူကာကူက ၆ ဂိုးမြောက်ဂိုးကို သွင်းပြီး မန်စီနီက အပိတ်ဂိုးသွင်းခဲ့ပါတယ်။

ရိုးမားဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၁၈ နေရာမှ အဆင့် ၁၂ နေရာသို့အထိ တက်လှမ်းလာပါတယ်။

ရိုးမားဟာ စီးရီးအေ ပထမ ၃ ပွဲမှာ ရမှတ် ၁ မှတ်သာ ရထားမှုနှင့်အတူ ဝေဖန်မှုများနှင့် ကြုံနေခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

အခုပွဲမှာ အီရန်တိုက်စစ်မှူးဆာဒါအက်ဇ်မွန်ဟာ ပွဲပြီးခါနီးမှာ လူကာကူအစား လူစားဝင်ကစားခဲ့တာ တွေ့ရပါတယ်။

၁၉၉၄ ခုနှစ်မှာ စီးရီးအေဆိုတဲ့အမည်ကို စတင်အသုံးပြုတဲ့နောက်ပိုင်း ၇-၀ ဂိုး ရလဒ်ထွက်တဲ့ ၉ ပွဲမြောက်ပွဲ ဖြစ်ပါတယ်။