
ဘရိုက်တန်နည်းပြရောဘတ်တိုဒီဇာဘီက အိုးထရက်ဖို့ဒ်တွင် မန်ချက်စတာယူနိုက်တက်အား အနိုင်ရရှိစေခဲ့သည်မှာ မိမိကစားသမားများရဲ့ သတ္တိရှိရှိ ဖြင့် ဘောလုံးကစားမှုကြောင့် ဖြစ်ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
ဘရိုက်တန်ဟာ မနေ့ညတုန်းက အိုးထရက်ဖို့ဒ်တွင် ယူနိုက်တက်အား ၃-၁ ဂိုးဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ်တွင် ၄ ပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
ဘရိုက်တန်ဟာ တစ်သင်းလုံးရဲ့ စုစုပေါင်းအသုံးစရိတ် ပေါင်သန်း ၂၀ ပင် မပြည့်ပေမဲ့လည်း ပေါင်သန်း ၃၀၀ ကျော်တန်ဖိုးရှိတဲ့ ယူနိုက်တက်ပွဲထွက်လူစာရင်းကို ခြေစွမ်းပိုင်းအသာဖြင့် ကစားပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
ရောဘတ်တိုဒီဇာဘီက “ယူနိုက်တက်ရဲ့ ပြဿနာကို ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်အသင်းအကြောင်းကိုတော့ ရှင်းပြနိုင်ပါတယ်။ ကျွန်တော်တို့ ကိုယ်ပိုင်စတိုင်နဲ့ပဲ ကစားနိုင်ခဲ့ကြတယ်။ သတ္တိရှိရှိနဲ့ ကစားတယ်။ တချိန်လုံး တစ်ဦးချင်းကာကွယ်ပြီး ကစားနိုင်ခဲ့တယ်။ အခြေအနေအရပ်ရပ်တိုင်းမှာ ဘောလုံးကို ထိန်းထားနိုင်ခဲ့တယ်”လို့ ပြောကြားသွားပါတယ်။
ဘရိုက်တန်ဟာ ယူနိုက်တက်နိုင်ပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၄ နေရာသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ၎င်းတို့ဟာ လာမယ့် ကြာသပတေးနေ့တွင် ဂရိကလပ် အိုလံပီယာကို့စ်နှင့် ယူရိုပါလိဂ်ပွဲကစားရပါမယ်။