
ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဘရိုက်တန်အား ရှုံးနိမ့်တဲ့ပွဲတွင် ပရိသတ်များရဲ့ လှောင်ပြောင်မှု ခံရမှုအား အပြုသဘောဆောင်တဲ့အရာတစ်ခုလို့ အံ့ဩသင့်ဖွယ် ပြောကြားလာပါတယ်။
ပြဿနာများစွာ ဖြစ်ပျက်နေတဲ့ ယူနိုက်တက်ဟာ ဘရိုက်တန်ကို အိုးထရက်ဖို့ဒ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်အဖွင့်ပွဲ ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ထားပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်များဟာ ပွဲချိန် ၆၄ မိနစ်မှာ ဒတ်ချ်လူမျိုးနည်းပြက ခြေစွမ်းမပြနိုင်တဲ့ မာရှယ်နေရာအား ဟွိုင်းလန်းနှင့် လူစားထည့်သွင်းလာချိန်တွင် လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အဲရစ်တန်ဟက်က “ဒါက အပြုသဘောဆောင်ပါတယ်။ ဟွိုင်းလန်းကို ကြိုဆိုမှုက ကောင်းတယ်။ သူလည်း ကောင်းကောင်းကစားနိုင်ခဲ့တယ်။ သူတို့ဘက်က အခုလို အချက်ပြတာ ကောင်းပါတယ်။ အသိပေးလာတာပါ။ ရာစမပ်စ်အတွက် တွန်းအားတစ်ခု ဖြစ်လာမှာပါ”လို့ ပြောကြားသွားပါတယ်။
အသက် ၂၇ နှစ်ရှိ မာရှယ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၅၅ ပွဲတွင် ၁၁ ဂိုးတည်းသာ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲရစ်တန်ဟက်က ပရိသတ်များ လှောင်ပြောင်မှုက ပြင်သစ်တိုက်စစ်မှူးကို ပစ်မှတ်ထားတယ်လို့ မယူဆကြောင်း ဆိုသွားပါတယ်။
၎င်းက “ဒါက ဟွိုင်းလန်းကို လူစားလဲလို့ လုပ်လာကြတာပါ။ ဒီနဲ့ပတ်သက်ပြီး ဆက်မပြောချင်တော့ဘူး။ ဒီတော့ မသိဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်းက အန်တိုနီမာရှယ် ပါဝင်ကစားတဲ့ ပွဲတိုင်း ကျွန်တော်တို့ပွဲအပေါ် အများကြီးအပြုသဘောဆောင်စေတယ်။ အန်တိုနီပါတဲ့ ပွဲတိုင်းလိုလို ကျွန်တော်တို့ မရှုံးဘူး။ သူ ကြံ့ခိုင်မှုပြည့်ဝနေရင် ဆက်ပြီးတော့ အသင်းအတွက် အကျိုးပြုပါလိမ့်မယ်”လို့ ပြောကြားသွားပါတယ်။