
မန်ချက်စတာယူနိုက်တက်စတား ၄ ဦးတို့ဟာ စနေနေ့တုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ဘရိုက်တန်ကို ရှုံးနိမ့်ပြီးနောက် အဝတ်အစားလဲခန်းအတွင်းတွင် ဒေါသတကြီးခိုက်ရန် ဖြစ်ပွားခဲ့ကြကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ စနေနေ့တုန်းက ဘရိုက်တန်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ၄ ပွဲတွင် ၃ ပွဲမြောက်အရှုံးနှင့် ကြုံတွေ့ခဲ့ရပါတယ်။
ယင်းပွဲအပြီးတွင် ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာ ကစားဖော် ကွင်းလယ်ကစားသမားစကော့မက်တိုမီနေးကို ဒေါသတကြီးအော်ဟစ်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ဗဟိုနောက်ခံလူများဖြစ်ကြတဲ့ ဗစ်တာလင်ဒီလော့ဖ်နှင့် ရောဘတ်တိုမာတီနက်ဇ်တို့မှာလည်း ခံစစ်အမှားအတွက် တစ်ဦးကို တစ်ဦး အပြစ်တင်ရာမှ အချင်းများခဲ့ကြပါတယ်။
၎င်းတို့အကြား ပြဿနာဖြစ်ပွားမှုကို နည်းပြအဲရစ်တန်ဟက်က ဝင်ရောက် ထိန်းသိမ်းမှု ပြုလုပ်ခဲ့ရပါတယ်။
အဲရစ်တန်ဟက်ဟာ လူသိရှင်ကြား ပြဿနာတက်ခဲ့တဲ့ ဆန်ချိုကို ပထမအသင်းမှ ဖယ်ရှားထားသလို အန်တိုနီကိုလည်း အမှုရင်ဆိုင်နေရမှုကြောင့် အသင်းမှ ယာယီဖယ်ရှားထားရပါတယ်။ ဒါ့အပြင် သူဟာ ဟယ်ရီမက်ဂွိုင်းယားကို အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားထားသလို ပွဲထွက်လူစာရင်းတွင်လည်း ချန်လှပ်ထားပါတယ်။
ပရီးမီးယားလိဂ်တွင် အခြေမလှဖြစ်နေတဲ့ ယူနိုက်တက်ဟာ ဗုဒ္ဧဟူးနေ့ညတွင် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ဂျာမနီသို့ သွားရောက်ကာ ဘိုင်ယန်မြူးနစ်နှင့် ရင်ဆိုင်ရပါမယ်။