နည်းပြလောကထဲပြန်ဝင်လာတော့မယ့်ရိုင်ယန်ဂစ်

ရိုင်ယန်ဂစ်ဟာ ဆဲလ်ဖို့ဒ်စီးတီးရဲ့ ရလဒ်ပိုင်း တိုးတက်လာခြင်းမရှိပါက အသင်းကို ကိုင်တွယ်ကာ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

ဂစ်ဟာ ဝေးလ်နည်းပြရာထူးမှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပြီး သူပူးတွဲပိုင်ဆိုင်တဲ့ လိဂ် ၂ ကလပ်ကို ကိုင်တွယ်ရန် စိတ်ဝင်စားနေပါတယ်။

ယခုအခါမှာတော့ အသက် ၄၈ နှစ်ရှိ ရိုင်ယန်ဂစ်ဟာ နည်းပြနေးလ်ဝုဒ်မှာ အသင်းကို ပလေးအော့ဖ်သို့ တက်နိုင်တဲ့ အနေအထားမျိုးသို့ မဆွဲတင်နိုင်ပါက ထုတ်ပယ်ပြီး အစားထိုးတာဝန်ယူလာဖို့ ရှိနေပါတယ်။

ရိုင်ယန်ဂစ်ဟာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတုန်းက ရည်းစားဟောင်းကိတ်ဂရီဗီလီနှင့် ညီမဖြစ်သူ အမ်မာဂရီဗီလီတို့ကို ရိုက်နှက်မှုကြောင့် အမှုရင်ဆိုင်ခဲ့ရသော်လည်း ဇူလိုင်လတုန်းက အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့ပါတယ်။

ဆဲလ်ဖို့ဒ်စီးတီးကို ဂစ်နှင့် ယူနိုက်တက်ကစားဖော်များဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်၊ ဖီးလ်နဗီးလ်၊ ပေါလ်စခိုး၊ နစ်ကီဘတ်၊ ဒေးဗစ်ဘက်ဟမ်းနှင့် စင်္ကာပူစီးပွားရေးလုပ်ငန်းရှင် ပီတာလမ်တို့ ကပူးတွဲပိုင်ဆိုင်ပါတယ်။

ဆဲလ်ဖို့ဒ်ဟာ ယခုရာသီတွင် တာထွက်ဆိုးရွားနေပြီး ၈ ပွဲကစားပြီးချိန်တွင် ၂ ပွဲတည်းသာ အနိုင်ရကာ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။