ဒဏ်ရာအနာတရဖြစ်အောင်လုပ်တယ်ဆိုတဲ့စွပ်စွဲမှုများကို ဘရာဇီးရုပ်သံကနေ ငြင်းလာတဲ့ အန်တိုနီ

မန်ချက်စတာယူနိုက်တက်စတားအန်တိုနီဟာ သူနှင့်ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသမီးများကို ဒဏ်ရာအနာတရ ဖြစ်အောင် တိုက်ခိုက်မှုများ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲမှုများအား ဘရာဇီးရုပ်သံအစီအစဉ်တစ်ခုတွင် ငြင်းဆိုလာပါတယ်။

ဘရာဇီးရုပ်သံဌာန SBT နှင့် ပြောဆိုရာတွင် အသက် ၂၃ နှစ်ရှိ အန်တိုနီက ၎င်းမှာ မည်သည့် အမျိုးသမီးကိုမျှ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိကြောင်းနှင့် မကြာမီ အမှန်တရားပေါ်ပေါက်လာမည် ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အန်တိုနီဟာ ရည်းစားဟောင်းကို တိုက်ခိုက်တယ်လို့ စွပ်စွဲခြင်းခံထားရပြီး မန်ချက်စတာနှင့် ဆာအိုပေါ်လိုရဲစခန်းတို့ရဲ့ စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။

ဒါ့အပြင် ဥပဒေကျောင်းသူတစ်ဦးနှင့် ဘဏ်ဝန်ထမ်းတစ်ဦးတို့ကလည်း အန်တိုနီရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း စွပ်စွဲမှုများ ရှိနေပါသေးတယ်။

ဒါပေမဲ့ အန်တိုနီကတော့ “လုံးဝမဟုတ်ဘူး။ ၁၀၀ ရာခိုင်နုန်း မဟုတ်ဘူး။ ကျွန်တော့်မှာ အမေရှိတယ်။ အစ်မရှိတယ်။ သူတို့ကိုလည်း ဒီလို ဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အရမ်းခက်ခဲတယ်(ဘရာဇီးအသင်းမှ ချန်လှပ်ခံရမှု)။ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော့်ဘက်က လုံးဝ ၁၀၀ ရာခိုင်နှုန်း လုပ်ခဲ့တာမဟုတ်တော့ စိတ်မကောင်းလည်း ဖြစ်ရတယ်။ မလွယ်ကူပါဘူး။ ကျွန်တော်တို့ဟာ ကိုယ့်အိပ်မက် တကယ်ဖြစ်လာဖို့ တိုက်ပွဲဝင်ရတယ်။ အလုပ်လုပ်ရတယ်။ ပြီးတော့ ဘရာဇီးအင်္ကျီဝတ်ခွင့်ရတယ်”လို့ ပြောကြားသွားပါတယ်။

အန်တိုနီရဲ့ ရည်းစားဟောင်းဂါဘရီလာကာဗယ်လင်က ဇန်နဝါရီလ ၁၅ ရက်နေ့တုန်းက မန်ချက်စတာရှိ ဟိုတယ်တစ်ခုတွင် အန်တိုနီရဲ့ ခေါင်းဖြင့် ဆောင့်တိုက်ခြင်းခံခဲ့ရပြီး ခေါင်းဒဏ်ရာရရှိခဲ့ကာ ဆရာဝန်တစ်ဦးရဲ့ ဆေးကုသမှု ခံခဲ့ရကြောင်း စွပ်စွဲထားပါတယ်။ ဒါ့အပြင် သူမက သူမရဲ့ ရင်ဘတ်ကိုလည်း ထိုးကြိတ်ခံခဲ့ရကာ ခွဲစိတ်ကုသထားတဲ့ ရင်သားကို ပြန်လည်ကုသမှုများ ပြုလုပ်ခဲ့ရကြောင်း ဆိုထားပါတယ်။