တုန်လူပ်ဖွယ်ငလျင်ဘေးနဲ့ကြုံတွေ့ခဲ့ရတဲ့ဂမ်ဘီယာနည်းပြ

ဂမ်ဘီယာနည်းပြတွမ်စိန့်ဖီယက်က သောကြာနေ့တုန်းက မော်ရိုကိုတွင် ဖြစ်ပျက်ခဲ့တဲ့ တုန်လှုပ်ဖွယ် ငလျင်လှုပ်ခတ်စဉ် လေယာဉ်တစ်စင်းမှာ ၎င်းတို့ တည်းခိုနေတဲ့ ဟိုတယ်ကို ဝင်တိုက်လုနီးပါး ဖြစ်ခဲ့ကြောင်း ဆိုလာပါတယ်။

ဘယ်လ်ဂျီယံလူမျိုးနည်းပြနှင့် ဂမ်ဘီယာအသင်းသားများဟာ တနင်္ဂနွေနေ့တွင် ကွန်ဂိုနှင့် ရင်ဆိုင်ရမဲ့ အာဖရိကဖလားခြေစမ်းပွဲစဉ်အတွက် မာရာကစ်ရှ်သို့ ရောက်နေပါတယ်။

မော်ရိုကိုပြည်ထဲရေးဝန်ကြီးက သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူတစ်ထောင်နီးပါး သေဆုံးကြောင်း ဆိုထားပါတယ်။

ပြင်းအားတိုင်းတာမှုအရ ၆.၈ အထိ ရှိတဲ့ ငလျင်ကြောင့် မာရာကစ်ရှ်နှင့် အခြားမြို့များမှ လူများ လမ်းပေါ်သို့ ထွက်ခဲ့ရပါတယ်။

တွန်စိန့်ဖိယက်က “ပထမ အရမ်းဆူညံသံကြားရတယ်။ နောက်တော့ တံခါးခေါက်သံကြားရတယ်။ နောက်စက္ကန့်အနည်းငယ်ကြာတော့ လေယာဉ်တစ်စင်း ဟိုတယ်ကို ဦးတည်ထိုးဆင်းလာတာ တွေ့ရတယ်။ ကျွန်တော်တို့ ဟိုတယ်က လေယာဉ်ကွင်းအနားမှာလေ။ ဒါပေမဲ့ ချက်ချင်းပဲ ငလျင်လှုပ်နေပြီဆိုတာ သိလိုက်ရတယ်။ စက္ကန့် ၃၀ လောက်အတွင်းမှာ ဖြစ်ပျက်သွားတာ။ ဒါပေမဲ့ မဆုံးနိုင်အောင် ကြာတယ်လို့ ခံစားရတယ်။ တကယ့်ကို ကြောက်စရာကောင်းတယ်။ နံရံတွေ ယိမ်းခါနေတယ်။ ပစ္စည်းတွေ ပြုတ်ကျတယ်။ အဆောက်အဦးတွေ ဒီလိုမျိုး လှုပ်ခါနေတာ တခါမှ မမြင်ဖူးဘူး။ ငလျင်လှုပ်တာ ရပ်တော့ ပြေးတော့တာပဲ။ အသင်းအဖွဲ့ဝင်တွေ အပြင်ရောက်သွားပြီ စစ်တယ်။ ဟိုတယ်အပြင်ဘက်ကို ပြေးကြတယ်။ ရေကူးကန်နားဧရိယာသို့ သွားပြီး အခြားဧည့်သည်တွေနဲ့အတူ လေဟာပြင်မှာ အိပ်လိုက်ရတယ်။ အခန်းသို့ ပြန်ဝင်လို့ မရတော့ဘူးလေ။ အရမ်းကြောက်ဖို့ ကောင်းတယ်။ တစ်ညလုံး လူနာတင်ယာဉ်အသံတွေ ကြားနေရတယ်။ သတင်းတွေကိုပဲ ကြည့်ကြနေကြတယ်။ ကျွန်တော်တို့အတွက် တကယ့်ကို တုပ်လှုပ်ဖွယ် အတွေ့အကြုံပါပဲ။ ကျွန်တော်တို့အားလုံး အသက်ဆုံးရှုံးသွားနိုင်သလို မော်ရိုကိုပြည်သူတွေလည်း အသက်ဆုံးရှုံးသွားနိုင်တယ်”လို့ ပြောကြားသွားပါတယ်။

ဂမ်ဘီယာဟာ တနင်္ဂနွေနေ့ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမဲ့ အိမ်ကွင်းမှာ နိုင်ငံတကာပွဲကစားရန် အဆင့်မျိုးမှာ မရှိမှုနှင့်အတူ မော်ရိုကိုသို့ ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။