စိတ်ပျက်စရာကောင်းတဲ့ ရာသီကြုံတွေ့ရပြီးနောက်ရာသီကုန် ဆုပေးပွဲအခမ်းအနားကို ပယ်ဖျက်လိုက်တဲ့ချဲလ်ဆီး

ချဲလ်ဆီးဟာ စိတ်ပျက်စရာကောင်းလွန်းလှတဲ့ ရာသီတစ်ခု ကြုံတွေ့ရပြီးနောက် ရာသီကုန် အကောင်းဆုံးကစားသမားဆုပေးပွဲအခမ်းအနားကို ပယ်ဖျက်လိုက်ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်နှစ်ခုတွင် ပေါင်သန်း ၆၀၀ ကျော်အသုံးပြုကာ ကစားသမားများ ခေါ်ယူအားဖြည့်ခဲ့ပေမဲ့လည်း ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယား ၁၀ အောက်ပိုင်းတွင် ရပ်တည်ရမဲ့ အခြေအနေဆိုက်နေပါတယ်။

ချဲလ်ဆီးဟာ အသင်းကို တော့ဒ်ဘိုလေးဦးဆောင်လာပြီးနောက် မော်ဒန်ပရီးမီးယားလိဂ်သမိုင်းတွင် ရမှတ်အနည်းဆုံးရာသီနှင့် ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ချဲလ်ဆီးဟာ ပုံမှန်ကျင်းပလေ့ရှိတဲ့ ရာသီသိမ်း တကိုယ်တော်ဆုပေးပွဲအခမ်းအနားကို မကျင်းပရန် ဆုံးဖြတ်လာပါတယ်။

ချဲလ်ဆီးဟာ ဆုပေးပွဲအခမ်းအနားမကျင်းပဘဲ အကောင်းဆုံးကစားသမားဆု၊ အကယ်ဒမီအကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံးဂိုးဆုတို့အား ရာသီသိမ်းပွဲဖြစ်တဲ့ နယူးကာဆယ်နှင့်ပွဲမတိုင်မီ ချီးမြှင့်သွားပါမယ်။

တကယ်တော့ ချဲလ်ဆီးဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် တကိုယ်တော်ဆုချီးမြှင့်ပွဲအခမ်းအနားမကျင်းပလာခဲ့တာလည်း ဖြစ်ပါတယ်။